
သတင်းထုတ်ပြန်ချက်
ရန်ကုန်၊ မြန်မာ
၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်
ဒီမိုကရေစီအကူးအပြောင်းကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံသည် ၎င်း၏ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၃၇ သန်းခန့်သည် ၎င်းတို့၏မဲဆန္ဒရှင်အခွင့်အရေးများကို အမိအရ အသုံးချနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။
ကိုဗစ် (၁၉) ကပ်ရောဂါ၏ ခြိမ်းခြောက်မှုများကြားမှ ကျင်းပသည့် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲကြီးအား လွတ်လပ်၍ တရားမျှတပြီး ဘေးကင်းလုံခြုံသော ရွေးကောက်ပွဲကြီးအဖြစ် သေချာစေရန် ရွေးကောက်ပွဲနှင့် ဆက်စပ်ပတ်သက်နေသူများအားလုံးကို လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှ ကွန်ရက် - ANFRELမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ် (၁၉) ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ၏ အကြပ်အတည်းကာလအတွင်း စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှား ကာ ဤရွေးကောက်ပွဲကြီးအား ဖြစ်မြောက်အောင်ကျင်းပပြုလုပ်နိုင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် မြန်မာနိုင်ငံသူ/သားများအတွက် ANFREL မှ အထူးပင်ဝမ်းမြောက်ပြီး လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြု အပ်ပါသည်။ ဘေးကင်းလုံခြုံ၍ ငြိမ်းချမ်းပြီး ပွင်းလင်းမြင်သာမှု ပိုမိုရှိသော ရွေးကောက်ပွဲကြီးဖြစ်စေရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ရဲအရာရှိများနှင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအား ANFREL မှ လှိုက်လှဲစွာ အသိအမှတ်ပြုပါသည်။
ANFREL မှ မဲဆန္ဒရှင်ပြည်သူများအား မဲသွားပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ထိုသို့ မိမိတို့၏ ဆန္ဒမဲ ပေးပိုင်ခွင့်ကို အမိအရအသုံးချရာတွင်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ဖြစ်သည့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းတို့ကို အသေအချာပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များနှင့် မဲရုံဝန်ထမ်းများ၏ ဘေးကင်းလုံခြုံစေရေးနှင့် ဆန္ဒမဲများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန် ANFREL မှ တိုက်တွန်းပါသည်။
ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရာအများအပြားတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး မဲဆန္ဒရှင် ၁.၅ သန်းကျော်မှ မဲပေးခွင့် မရရှိနိုင်တော့သည့် အခြေအနေရှိပါသည်။ အဆိုပါဒေသများရှိ မဲဆန္ဒရှင်များ၏ အခွင့်အရေးများရရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲများကို သတ်မှတ်ထားသော အချိန် ကာလအတွင်း ဆောင်ရွက်ပေးလိမ့်မည်ဟု ANFREL မှ မျှော်လင့်ပါသည်။
ရွေးကောက်ပွဲနေ့တွင် ANFREL ၏ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူ (၂၅)ဦးမှ ကိုဗစ် (၁၉) ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာအစီအမံများအတွက် ချမှတ်ထားသော အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့် ဒေသတွင်းမူဝါဒများနှင့်အညီ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသွားမည် ဖြစ်ပါသည်။
ANFREL မှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျှက်ရှိပြီး အဆိုပါပွဲတွင် ANFREL ၏ လေ့လာတွေ့ရှိချက်များကို ကြားဖြတ် အစီရင်ခံစာ တစ်ခုဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။ အပြီးသတ်အစီရင်ခံစာအား လာမည့် လအနည်းငယ်အတွင်း ထုတ်ပြန် ကြေညာ သွားမည်ဖြစ်ပါသည်။
ANFREL ၏ ရွေးကောက်ပွဲလေ့လာခြင်းနည်းစနစ်သည် စံထားရမည့် အခြေခံမူများဖြစ်သည့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်း၊ ဒီမိုကရက်တစ်ရွေးကောက်ပွဲများအတွက် ဒီလီအညွှန်းကိန်းများနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာခြင်းနှင့်ကျင့်ဝတ်များဆိုင်ရာကြေညာစာတမ်းတို့ကို အခြေခံထားပါသည်။
---
လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) ကို ၁၉၉၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီ ခိုင်မာအားကောင်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာ၌ အာရှဒေသတွင်း အထင်ရှားဆုံး NGO တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။ ANFREL အနေဖြင့် ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းနည်းတူ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် နိုင်ငံတော်အဆင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အားစိုက် ဆောင်ရွက်လျက်ရှိ ပါသည်။ အဖွဲ့အစည်း ထူထောင်ချိန်မှစ၍ အာရှဒေသအတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ရွေးကောက်ပွဲ ၆၅ ခု ကျော်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရေရှည်မျှော်မှန်းချက်မှာ ဒေသတွင်း ရွေးကောက်ပွဲများနှင့် အစိုးရအုပ်ချုပ်ရေးတွင် ကျွမ်းကျင်မှု ရရှိလာရန်နှင့် ပြင်ပမှ ပျိုးထောင်ပေးခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းမှ ဖွံ့ဖြိုးလာသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ခိုင်မာအားကောင်းလာစေရန်ဖြစ်ပါသည်။ အခြားနိုင်ငံ များတွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲများကိုလေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏လေ့လာသူများသည် နိုင်ငံ တကာမှ အကောင်းဆုံးသော လုပ်ကိုင်ဆောင်ရွက်မှုများကို ကောင်းစွာသဘောပေါက်နားလည်မှု ရှိလာကြသည့် အတွက် ယင်းအသိပညာကို ၎င်းတို့နေထိုင်ရာ နိုင်ငံများတွင်လည်း ပြန်လည်အသုံးပြုလာနိုင်ကြပါသည်။ အဖွဲ့အစည်းအကြောင်း ပိုမိုသိရှိလိုပါက www.anfrel.org တွင် လေ့လာနိုင်ပါသည်။
သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့် ဆက်သွယ်မေးမြန်းရန်
- Ms. Chandanie Watawala, Mission Director, chandanie@anfrel.org, +66631753221 (WhatsApp)
- Mr. Tharindu Abeyrathna, Mission Coordinator, tharindu@anfrel.org, +959892455376
မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းရန်
- ဒေါ်ဣန္ဒြာနွယ်၊ လက်ထောက် မစ်ရှင်ညှိနှိုင်းဆောင်ရွက်ရေး အရာရှိ၊ aein@anfrel.org, +959422484201
Download the full press release here:



