၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ANFREL မှ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေး မစ်ရှင်စေလွှတ်ခြင်း

၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ANFREL မှ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေး မစ်ရှင်စေလွှတ်ခြင်း

သတင်းထုတ်ပြန်ချက်

ရန်ကုန်၊ မြန်မာ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

 

လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) မှ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအတွက် ကာလရှည်လေ့လာသူ (LTOs) ၁၃ ဦးကို ဖြန့်ကျက်နေရာချထားခြင်းဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးမစ်ရှင်တစ်ခုကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားဝင်စေလွှတ်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ရာ ANFREL ၏ ရွေးကောက်ပွဲ လေ့လာသူများအနေဖြင့် သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူများနှင့် ပူးပေါင်းပြီး မဲဆွယ်ကာလ၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲပေးသည့်လုပ်ငန်းစဉ်များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအဝဝကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် လေ့လာသွားမည်ဖြစ်ပါသည်။

ANFREL ၏ ကာလရှည် ရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ၁၉ ရက်တာ ကွင်းဆင်းလေ့လာမှု ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဖြန့်ကျက်နေရာချခြင်းမပြုမီ ၎င်းလေ့လာသူများမှနေ၍ ရွေးကောက်ပွဲ လေ့လာရေးဆိုင်ရာ အခြေခံ စည်းမျဉ်းများ၊ မြန်မာပြည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်း၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲ များဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများ အစရှိသည်တို့နှင့် အကျွမ်းတဝင်ရှိစေရန် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် အွန်လိုင်းသင်တန်းတစ်ခု တက်ရောက်ခဲ့ကြပြီး ဖြစ်ပါသည်။

COVID-19 နှင့် သက်ဆိုင်သည့် ဘေးအန္တရာယ်များ လျော့ချနိုင်ရန် ANFREL ၏ ရွေးကောက်ပွဲလေ့လာသူများ၊ စကားပြန်များ၊ အထောက်အကူပြုဝန်ထမ်းများအနေဖြင့် ရုံးတွင်းမူဝါဒများ၊ အစိုးရ စည်းမျဉ်းစည်းကမ်းများ အားလုံးကို တင်းကြပ်စွာ လိုက်နာသွားမည်ဖြစ်ပါသည်။ ယင်းလိုက်နာမှုများအနက် တစ်ကိုယ်ရည်သုံး ရောဂါ အကာအကွယ်ပစ္စည်းများကို သေချာစွာ အချိန်ပြည့်အသုံးပြုခြင်း၊ လက်သန့်ဆေးရည် မကြာခဏ အသုံးပြုရန်၊ ထိတွေ့မှု ခြေရာခံနိုင်ရေးအတွက် အချိန်ဇယားမှတ်သားထားရန်နှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် တို့လည်း ပါဝင် ပါသည်။

LTO ၁၃ ဦး အပြင် ကာလတို ရွေးကောက်ပွဲလေ့လာသူ (STOs) ၁၀ ဦးကိုလည်း ရှစ်ရက်တာ ကာလအတွင်း နောက်ပိုင်းရက်များတွင် ဖြန့်ကျက်နေရာချသွားမည် ဖြစ်ပါသည်။ မစ်ရှင်တွင် ပင်မအဖွဲ့တစ်ခုနှင့် ရွေးကောက်ပွဲ စိစစ်လေ့လာသူလေးဦး ပါဝင်မည်ဖြစ်ရာ ရန်ကုန်တွင် စိစစ်လေ့လာသူတစ်ဦးမှ တာဝန်ယူဆောင်ရွက်ပြီး ကျန်ပုဂ္ဂိုလ်များမှာ အဝေးရောက်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဝေးရောက် ဆောင်ရွက် သူများသည် ရုံးမှနေ၍ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူများကို အင်တာဗျူးများ ပြုလုပ်ခြင်းတို့ကို ရက်သတ္တပေါင်းများစွာ ကြိုတင်၍ ဆောင်ရွက်နှင့်ပြီး ဖြစ်ပါသည်။

ANFREL သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ခွင့်ပြုချက် ရရှိခဲ့သည့် တစ်ခုတည်းသော အာရှဒေသတွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ ထို့အပြင်လည်း ANFREL သည် ၂၀၁၅ ခုနှစ် အထွေထွေရွေကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် လေ့လာမှုပြုခဲ့သည် တစ်ခုတည်းသော နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေး အဖွဲ့အစည်း လည်းဖြစ်ပါသည်။

ANFREL ၏ အမှုဆောင် ညွှန်ကြားရေးမှူး Chandanie Watawala ၏ ပြောကြားချက်အတိုင်းပင် “COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုများကြားမှပင် လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို အထောက်အကူ ပေးခြင်းဖြင့် ANFREL အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ကို အားပေးကူညီရေး၌ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားပါမည်အခြေခံကျသောလူ့အခွင့်အရေးများကို စောင့်ထိန်း ကာကွယ်ပေးမည့် စစ်မှန်သောရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ရပ်ကို လေ့လာရလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့် ပါသည်။

ANFREL ၏ ရွေးကောက်ပွဲ လေ့လာရေးမစ်ရှင်သည် မျက်မှောက်အခြေအနေ၏ စိန်ခေါ်မှုများနှင့် ကိုက်ညီမည့် နည်းလမ်းများကို လိုက်နာပြီး အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲလေ့လာရေးဆိုင်ရာ မူဝါဒများနှင့် ကျင့်ဝတ် ကြေညာစာတမ်းနှင့် လျော်ညီအောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ANFREL မှ လိုက်နာဆောင်ရွက်သည့် အခြားသောနိုင်ငံတကာ စံနှုန်းများအနက်တွင် ဆန်းစစ်လေ့လာမှုပြုရာ၌ အာရှဒီမိုကရက်တစ် အစဉ်အလာများကို ထင်ဟပ်စေမည့် လွတ်လပ်၍မျှတသော ရွေးကောက်ပွဲများဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် ဒီမိုကရက်တစ် ရွေးကောက်ပွဲများ၏ ဒီလီအညွှန်းကိန်းများလည်း ပါဝင်ပါသည်။

---

လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) ကို ၁၉၉၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီ ခိုင်မာအားကောင်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာ၌ အာရှဒေသတွင်း အထင်ရှားဆုံး NGO တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။ ANFREL အနေဖြင့် ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းနည်းတူ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် နိုင်ငံတော်အဆင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အားစိုက် ဆောင်ရွက်လျက်ရှိ ပါသည်။ အဖွဲ့အစည်း ထူထောင်ချိန်မှစ၍ အာရှဒေသအတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ရွေးကောက်ပွဲ ၆၅ ခု ကျော်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရေရှည်မျှော်မှန်းချက်မှာ ဒေသတွင်း ရွေးကောက်ပွဲများနှင့် အစိုးရအုပ်ချုပ်ရေးတွင် ကျွမ်းကျင်မှု ရရှိလာရန်နှင့် ပြင်ပမှ ပျိုးထောင်ပေးခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းမှ ဖွံ့ဖြိုးလာသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ခိုင်မာအားကောင်းလာစေရန်ဖြစ်ပါသည်။ အခြားနိုင်ငံ များတွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲများကိုလေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏လေ့လာသူများသည် နိုင်ငံ တကာမှ အကောင်းဆုံးသော လုပ်ကိုင်ဆောင်ရွက်မှုများကို ကောင်းစွာသဘောပေါက်နားလည်မှု ရှိလာကြသည့် အတွက် ယင်းအသိပညာကို ၎င်းတို့နေထိုင်ရာ နိုင်ငံများတွင်လည်း ပြန်လည်အသုံးပြုလာနိုင်ကြပါသည်။ အဖွဲ့အစည်းအကြောင်း ပိုမိုသိရှိလိုပါက www.anfrel.org တွင် လေ့လာနိုင်ပါသည်။

 

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

အင်္ဂလိပ်ဘာသာဖြင့် ဆက်သွယ်မေးမြန်းရန်

 

 

မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းရန်

 

  • ဒေါ်ဣန္ဒြာနွယ်၊ လက်ထောက် မစ်ရှင်ညှိနှိုင်းဆောင်ရွက်ရေး အရာရှိ၊ aein@anfrel.org, +959422484201