“စာနယ်ဇင်း၏ အခြေခံရည်ရွယ်ချက်မှာ နိုင်ငံသားများအား လွတ်လပ်စွာဖြင့် ၎င်းတို့ကိုယ်တိုင် ထိန်းကျောင်းအုပ်ချုပ်မှုပြုနိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်များကို ပေးအပ်ရန်ဖြစ်သည်”
ဤသည်မှာ မီဒီယာပညာရှင်များဖြစ်ကြသော Bill Kovach နှင့် Tom Rosentiel တို့နှစ်ဦးမှ ၎င်းတို့ ရေးသားသည့် “စာနယ်ဇင်း၏ အခြေခံအစိတ်အပိုင်းများ” ဟူသောစာအုပ်တွင် ပြောကြားထားခြင်း ဖြစ်ပြီး ယင်းအချက်သည် ပြောင်းလဲလျက်ရှိသော စာနယ်ဇင်းလုပ်ငန်းတွင် မပြောင်းလဲဘဲ မှန်ကန်လျက်ရှိနေသေးသည်။ ယင်းစာအုပ်၌ပင် ၎င်းတို့ပြောကြားထားသေးသည်မှာ “ . . . စာနယ်ဇင်းလုပ်ငန်း၏ရည်ရွယ်ချက်ကို နည်းပညာဖြင့်သော်လည်းကောင်း၊ သတင်းထောက်များမှ သော်လည်းကောင်း၊ ၎င်းတို့အသုံးပြုသော နည်းလမ်းများအားဖြင့်သော်လည်းကောင်း သတ်မှတ်၍မရချေ . . . စာနယ်ဇင်းလုပ်ငန်း၏ အခြေခံမူများနှင့်ရည်ရွယ်ချက်ကို ထိုထက်ပို၍ အခြေခံကျသော အချက်ကသာ သတ်မှတ်ပေးသည်။ ယင်းမှာ ပြည်သူများ၏ဘဝတွင် နေရာယူထားသည့် သတင်း၏အခန်းကဏ္ဍပင် ဖြစ်သည်။”
ရွေးကောက်ပွဲကဲ့သို့သောကာလများတွင် သတင်းမီဒီယာ၏ အရေးကြီးသောလုပ်ငန်းတာဝန်မှာ ပြည်သူများ အချက်အလက်စုံလင်စွာဖြင့် ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ရေးအတွက် အကူအညီပေးနိုင်မည့် သတင်းအချက်အလက်များပေးဝေရေးဖြစ်သည်။ သို့သော်လည်း ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာ ပါဝင်လှုပ်ရှားရသည့်ကဏ္ဍကို ပိုမိုနားလည်ရန်မှာမူ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် ချိတ်ဆက်ဆောင်ရွက်ပုံတစ်ခုလုံး၏ ယေဘုယျသဘောကို ပြည့်စုံစွာ သိနားလည်ရန် လိုအပ်သည်။
ရွေးကောက်ပွဲတစ်ရပ်သည် အခြေခံလူ့အခွင့်အရေးများကို ဖော်ပြခြင်းနှင့်သက်သေတည်စေခြင်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ဆန္ဒဖော်ထုတ်ခြင်း၊ အဖွဲ့အစည်းအသင်းအပင်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စီးတန်းစုဝေးခြင်းနှင့်တကွ သတင်းအချက်အလက် ရရှိပိုင်ခွင့်ဟူသော အခွင့်အရေးများအားလုံးကို ကျင့်သုံးခြင်း ဖြစ်သည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အပိုဒ် ၂၅ တွင် ပြည်သူများ၏မဲပေးပိုင်ခွင့်ကို “မဲဆန္ဒရှင်များ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်” ဖြင့် အာမခံပေးထားသည်။ အဆိုပါ သဘောတူညီချက်တွင် “လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲပေးနိုင်ခွင့်” နှင့် “လျှို့ဝှက်မဲပေး စနစ်ဖြင့်ပြုလုပ်ခြင်း” ဟူသော စာပိုဒ်များဖြင့် စစ်မှန်သောရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများကိုပါ သတ်မှတ်ပေးထားသည်။
ရွေးကောက်ပွဲများကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များပါဝင်သည့် ဥပဒေမူဘောင်တစ်ရပ်ဖြင့် ပြုလုပ်ကျင်းပကြပါသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများသည် ရွေးကောက်ပွဲအကြိုကာလ (မဲဆန္ဒရှင် မှတ်ပုံတင်ခြင်း၊ နိုင်ငံသားအသိပညာပေးခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း)၊ ရွေးကောက်ပွဲကာလ (ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ မဲဆွယ်ခြင်း၊ ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်ကြေညာခြင်း) နှင့် ရွေးကောက်ပွဲ နှောင်းပိုင်းကာလ (စစ်ဆေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ) အားလုံးနှင့် သက်ဆိုင်မှုရှိပါသည်။
အကောင်းဆုံး စံပြအနေအထားတစ်ရပ်တွင် အခြားဆက်စပ်ပတ်သက်သူများအနက် မီဒီယာအနေဖြင့် ၎င်း၏အခန်းကဏ္ဍကို ကျေပွန်အောင်ဆောင်ရွက်နိုင်ပါက ပြည်သူများအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့်စိတ်ကူးများကို အကောင်းဆုံးကိုယ်စားပြုပေးနိုင်မည့် ခေါင်းဆောင်များကို ရွေးချယ်ရန် သတင်းအချက်အလက်များ အလုံအလောက်ရရှိပြီး ၎င်းတို့စိတ်ဆန္ဒကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့်သူများကို ရွေးကောက်တင်မြှောက်နိုင်လိမ့်မည်ဖြစ်သည်။ ဒီမိုကရေစီနည်းကျသော ရွေးကောက်ပွဲတစ်ခုတွင် ပြည်သူများ၏ စစ်မှန်သောစိတ်ဆန္ဒကို အချက်အလက် ပြည့်စုံစွာရရှိထားသော မဲပေးရွေးချယ်တင်မြှောက်မှုဖြင့် ထင်ဟပ်စေလိမ့်မည် ဖြစ်သည်။
မီဒီယာအနေနှင့် အာရုံစိုက်နိုင်စရာ ရွေးကောက်ပွဲ၏မျက်နှာစာများစွာ ရှိပါသည်။ တစ်ခုဆိုရပါမူ ၎င်းတို့အနေဖြင့် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ မဲပေးသည့် လုပ်ငန်းစဉ်၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ကြေညာခြင်းတို့ပါဝင်သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာ သတင်းအချက်အလက်များကို ပေးနိုင်ပါသည်။ ဤသည်မှာ မည်သည့်ရွေးကောက်ပွဲတွင်မဆို သတင်းမီဒီယာများ သတင်းတင်ဆက်ရာတွင် ဖော်ပြသင့်သည့် အခြေခံသတင်းအချက်အလက်များဖြစ်ပါသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်မှာ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများမှ ၎င်းတို့အုပ်ချုပ်မည့်လမ်းစဉ်များအကြောင်းကို ဖော်ပြကြသည့်မဲဆွယ်ပွဲများ ဖြစ်ကြသည်။ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာဖော်ပြချက်နှင့်စပ်လျဉ်း၍ အများဝေဖန်လေ့ရှိသည့်အပိုင်းမှာ ကိုယ်စားလှယ်လောင်းများအကြောင်းကို သတင်းတင်ဆက်ရာ၌ ၎င်းတို့၏ကိုယ်ရည်ကိုယ်သွေးနှင့် မဲဆွယ်ကတိများအကြောင်းကို မည်သူက မည်သည့် ကတိပြုသည်ဟုသာ အရင်းအတိုင်း ဖော်ပြကြခြင်း ဖြစ်သည်။
နိုင်ငံရေးသမားများပေးသည့် ကတိကဝတ်များကို ဖော်ပြခြင်းသည် မဲဆန္ဒရှင်များအတွက် မည်သူ့ကို မဲပေးရမည်ကို အခြေခံအားဖြင့်သိစေသော်လည်း ယင်းကတိကဝတ်များကို ဝေဖန်စောကြောပြီး တင်ပြရန်မှာ သတင်းမီဒီယာ၏အလုပ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ကတိပြုထားသည့်မူဝါဒများကို ဝေဖန်ပြီး ကတိပြုသူ၏ စွမ်းဆောင်ရည်ကိုပါ အကဲဖြတ်ပေးရမည်ဖြစ်သည်။
နိုင်ငံရေးသမားများမှ ၎င်းတို့အမှန်တကယ်မဆောင်ရွက်နိုင်သော ကြီးကြီးကျယ်ကျယ် ကတိကဝတ်များပေးပြီး မဲဆန္ဒရှင်များကို နစ်နာစေသည့်သာဓကများစွာရှိပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲနှောင်းပိုင်းကာလတွင် အဆိုပါမဲဆွယ်ကတိစကားများကို ကျေပွန်အောင် ဆောင်ရွက်ခြင်း ရှိမရှိကို ခြေရာခံလိုက်ရန်မှာ သတင်းမီဒီယာ၏အလုပ်ပင်ဖြစ်သည်။ မီဒီယာအနေဖြင့် အစိုးရသက်တမ်းသစ်အတွက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် လက်ရှိအာဏာရပါတီ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ပြီး သတင်းအပြည့်အစုံ ရေးသားနိုင်ရပေမည်။
သတင်းမီဒီယာသည် တစ်စုံတစ်ယောက် ပြောကြားသည့်စကားကို တစ်ဆင့်ဖောက်သည်ချပြီး တစ်ပါးသူ၏ အာဘော်အဖြစ်မခံသင့်ပေ။ မုသားစကားများကြားမှ အမှန်တရားကို စစ်ထုတ်ခြင်းမပြုဘဲ မဲဆွယ်စည်းရုံးရေး မျက်နှာစာသက်သက်သာဖြစ်နေပါက မီဒီယာ၏တာဝန်မကျေပွန်ရာရောက်ပေသည်။
ရွေးကောက်ပွဲကာလအတွင်းတွင် အွန်လိုင်းပေါ်၌ သတင်းတုများ သာမန်ထက်ပို၍ များပြားနေလေ့ရှိသည့်အတွက် မီဒီယာအနေဖြင့် အချက်အလက်စစ်ဆေးသူ အဖြစ်လည်း ဆောင်ရွက်နိုင်ရပေမည်။ မီဒီယာသည် စစ်ကြောဝေဖန်ခြင်း၊ အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့်တကွ အဆင့်ဆင့်တည်းဖြတ်သည့် လုပ်ငန်းစဉ်တို့ကို သိပ်သည်းကျစ်လစ်စွာ ဆောင်ရွက်နိုင်သည့်အတွက် မဲဆန္ဒရှင်များကို လမ်းကြောင်းပြောင်းစေနိုင်သည့် အဆိပ်အတောက် ဖြစ်စေသော သတင်းအချက်အလက်များကြားတွင် ယုံကြည်ကိုးစားနိုင်စရာ စစ်မှန်သော သတင်းအချက်အလက်များ၏ အရင်းမြစ်သဖွယ် ဆောင်ရွက်နိုင်လေသည်။
ရွေးကောက်ပွဲများဟူသည် အများသတိမထားမိသူတို့၏အသံများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အများသတိထားမိအောင် ပြုလုပ်နိုင်စရာ အခွင့်အလမ်းများပင်ဖြစ်သည်။ ရွေးကောက်ပွဲများဟူသည် တစ်နည်းအားဖြင့် ပြည်သူများအကြောင်းသာဖြစ်လေသည်။ လူအများစု၏ အသံများသည် ၎င်းတို့ကို သတိပြုမိလာစေရန် ၎င်းတို့ဘာသာ အားထုတ်နိုင်ပါသည်။ သို့သော် ထည့်သွင်းစဉ်းစားမှုခံရလေ့မရှိသည့် လူနည်းစုများ၏အရေးကိစ္စများကို ရွေးကောက်ပွဲကာလအတွင်း အများသတိထားမိပြီး ကိုယ်တွယ်ဖြေရှင်းလာကြအောင်ပြုလုပ်ပေးရန်မှာမူ သတင်းမီဒီယာ၏ အလုပ်ဖြစ်သည်။
ရွေးကောက်ပွဲကာလအတွင်း နိုင်ငံသားများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ပြန်လည် အာရုံထားခြင်းသည် သတင်းမီဒီယာအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များ ပေးရုံမျှနှင့်မလုံလောက်ပေ။ ရွေးကောက်ပွဲသတင်းရေးသားတင်ဆက်ခြင်းဟူသည် ဤမျှထက် ပိုလေသည်။
ရွေးကောက်ပွဲကာလအတွင်း မီဒီယာအတွက် အရေးကြီးလာသည့် နောက်ထပ်အခန်းကဏ္ဍတစ်ရပ်မှာ စောင့်ကြည့်လေ့လာသည့် လုပ်ငန်းဖြစ်သည်။ မီဒီယာအနေဖြင့် အလွဲသုံးစားလုပ်မှုများ၊ မသမာမှုများကို ပြုလုပ်သည့် အဖျက်စွမ်းအားများကို စောင့်ကြည့်လေ့လာသူအနေဖြင့်ဆောင်ရွက်ပြီး အလွဲသုံးစား ဆောင်ရွက်သူများကို တာဝန်ခံစေရမည်။
ရွေးကောက်ပွဲကျင်းပစဉ် လိုက်နာရမည့် လုပ်ငန်းစဉ်များနှင့်လုပ်ထုံးလုပ်နည်းများရှိပြီး မသမာမှု တစ်စုံတစ်ရာပြုလုပ်ပါက ရွေးကောက်ပွဲများ၏တရားဝင်မှုကို ထိခိုက်စေနိုင်သည်။ သတင်းမီဒီယာအနေဖြင့် အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော ဇာတ်ကောင်များမှ ပြုလုပ်လာနိုင်သည့် ရွေးကောက်ပွဲ မသမာမှုများအားလုံးကို မျက်စိလျင်လျင်ထား၍ အနီးကပ်စောင့်ကြည့်ရမည်။ ဤသို့ဆိုရာတွင် မဲရေတွက်မှု၊ မဲဝယ်မှုနှင့် မဲလိမ်လည်မှု အပါအဝင် မဲဆန္ဒရှင်များကို မသမာသည့်နည်းဖြင့် သွယ်ဝိုက်၍ ဩဇာလွှမ်းမိုးမှုတို့ကိုပါ သေချာစွာ စောင့်ကြည့်ရမည်။
မီဒီယာအနေဖြင့် စောင့်ကြည့်စစ်ဆေးနိုင်စရာ ကိစ္စများစွာရှိပါသည်။ မဲဆွယ်စည်းရုံးမှုများနှင့် မဲဆွယ်စည်းရုံးရေးရန်ပုံငွေတို့အတွက် နိုင်ငံတော်၏အရင်းမြစ်များစွာကို အသုံးပြုခြင်းတို့အပြင် အစိုးရအဖွဲ့တွင်း ရာထူးအတွက် ယှဉ်ပြိုင်ရာ၌ တန်းတူရည်တူ ဖြစ်အောင် ပြုလုပ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် ကိစ္စတို့ကိုပါ စုံစမ်းဖော်ထုတ်ပြီး အကျင့်ပျက်ခြစားမှုကို ကူညီဟန့်တားပေးနိုင်ပါသည်။
မီဒီယာအနေဖြင့် နိုင်ငံသားများကြား အသိပညာပေးသူများအဖြစ်လည်း ဆောင်ရွက်နိုင်စရာရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာသတင်းများကို အချိန်နှင့်တပြေးညီတင်ဆက်ခြင်းနှင့် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များကိုအသုံးပြုပြီး နိုင်ငံရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူ့နီတိကို ကာကွယ်စောင့်ရှောက်ခြင်းသည် သီးခြားစီဖြစ်ပါသည်။
မဲပေးခြင်းဟူသည် နိုင်ငံသားများအတွက် ပြည်သူ့နီတိကျေပွန်အောင် ဆောင်ရွက်သည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ဆန္ဒမဲကိုကာကွယ်ရန်မှာမူ ပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းသော နိုင်ငံသားများအတွက် မဖြစ်မနေအရေးပါလေသည်။ နိုင်ငံတည်ဆောက်ရေးတွင် အပြည့်အဝ ပါဝင်ခြင်းဟူသည် ခေါင်းဆောင်တစ်ဦးကို ရွေးကောက်တင်မြှောက်ခြင်းထက်ပိုပါသည်။ ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်ပိုင် အခွင့်အရေးများရှိသည်ကိုသိရှိစေရန်နှင့် ၎င်းတို့အနေဖြင့် အဆိုပါ အခွင့်အရေးများကို အတိအလင်းကျင့်သုံးနိုင်သည် ကျင့်သုံးသင့်သည်ကို သိရှိစေရန်တို့အတွက် အားပေးကူညီပေးရပါမည်။
ပြည်သူများအနေဖြင့် ၎င်းတို့လိုအပ်သည်ဟု ထင်မြင်ယူဆသော မူဝါဒများကိုအကြံပြုနိုင်ပြီး ၎င်းတို့၏ အခွင့်အရေးများကို ချုပ်ချယ်လာနိုင်စရာရှိသော မူဝါဒများကိုမူ ဆန့်ကျင်နိုင်လေသည်။ ၎င်းတို့အနေဖြင့် စီမံအုပ်ချုပ်ခြင်း ခံနေရသည့်ပုံစံကို အကဲဖြတ်ပြီး အပြောင်းအလဲကို တောင်းဆိုနိုင်လေသည်။ အာဏာ အလွဲသုံးစားလုပ်မှုများ၊ အဂတိလိုက်စားမှုများကို စောင့်ကြည့်လေ့လာသူများအဖြစ်လည်း ဆောင်ရွက်နိုင်ပြီး နောင်တစ်ဆင့်အနေဖြင့် ကျူးလွန်သောအရာရှိများကို တာဝန်ခံလာအောင် တောင်းဆိုနိုင်လေသည်။
ပြည်သူလူထုအား ပိုမို၍အားပေးကူညီနိုင်ရန် သတင်းမီဒီယာမှအသုံးပြုသည့် နည်းလမ်းတစ်ရပ်မှာ လူထုအင်အားရယူအသုံးပြုခြင်း (crowd-sourcing) ပင်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံရှိ အကြီးဆုံးသော ရုပ်မြင်သံကြား ကွန်ယက်ကြီးတစ်ခုမှနေ၍ ရွေးကောက်ပွဲကာလအတွင်း ပြည်သူ့ဆန္ဒမဲများကို လေ့လာစောင့်ကြည့်ရန် လူထုအင်အားရယူအသုံးပြုသည့် လုပ်ငန်းစဉ် (crowd-sourcing initiative) ကို စတင်အသုံးပြုခဲ့သည်။ ဆောင်ရွက်ပုံနည်းလမ်းများအနက်တစ်ခုမှာ ၎င်းရုပ်မြင်သံကြားမှနေ၍ သာမန်ပြည်သူပြည်သားများကို မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်သည့် ကိုယ်စားလှယ်လောင်းများ၏ ဓါတ်ပုံများ သို့မဟုတ် ဗီဒီယိုများကိုမျှဝေရန် တိုက်တွန်းခြင်းဖြစ်သည်။ ရွေးကောက်ပွဲကာလနှောင်းပိုင်း၌မူ အဆိုပါလုပ်ငန်းစဉ်ကို အစိုးရစီမံကိန်းများကို အကောင်အထည်ဖော်မှု၊ မသမာသော အစိုးရအရာရှိများ အစရှိသည်တို့ကို အာရုံထားသည့် ပြည်သူ့ဘက်မှ စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ်အဖြစ် အသွင်ပြောင်းသည်။
မသမာမှုများကိုတိုင်ကြားနိုင်ရန်နှင့် မကျေလည်မှုများကို ဖြေရှင်းပေးနိုင်ရန် ပြည်သူများအတွက် လုပ်နည်းလုပ်ဟန်များ ထားရှိသင့်သည့်အားလျော်စွာ ဤသို့သောလုပ်ငန်းစဉ်များဖြင့် ပြည်သူလူထုသည် အာဏာကို ထိန်းကျောင်းစောင့်ကြည့်နေပြီး ၎င်းတို့အပေါ်ပြုလုပ်သည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟူသော သဘောပေါက်နားလည်မှု အားကောင်းလာအောင် ပြုလုပ်သင့်လှသည်။
|
|
|
|
တရားဝင် သတင်းအချက်အလက်များ၏ အရင်းမြစ်ဖြစ်သော သတင်းမီဒီယာ |
စောင့်ကြည့်လေ့လာသူ သတင်းမီဒီယာ |
သတင်းမီဒီယာနှင့် နိုင်ငံသားအသိပညာပေးရေး |
|
|
နိုင်ငံသားများကို နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ကြရန် အောက်ပါအတိုင်း အားပေးသည်
|
သတင်းမီဒီယာအနေဖြင့် ပြည်သူများကို အလုပ်အကျွေးပြုနိုင်စရာ ကဏ္ဍများစွာရှိသည့်အနက် ရွေးကောက်ပွဲကာလအတွင်း ပို၍ပင်အကူအညီပေးနိုင်ပါသည်။ ယုံမှားသံသယရှိပါက Kovach နှင့် Rosentiel တို့၏ စာနယ်ဇင်း၏အခြေခံအစိတ်အပိုင်းများစာအုပ်မှ အထွေထွေ လမ်းညွှန်ချက်တစ်ရပ်အနေဖြင့် အကူအညီပေးနိုင်ပါသည်။
- စာနယ်ဇင်း၏ ပထမတာဝန်မှာ အမှန်တရားဖြစ်သည်။
- ၎င်းပထမ သစ္စာခံရမည်မှာ နိုင်ငံသားများ ဖြစ်သည်။
- ၎င်း၏အနှစ်သာရမှာ စစ်ကြောဝေဖန်ရေး ဖြစ်သည်။
- စာနယ်ဇင်းသမားများသည် ၎င်းတို့ သတင်းတင်ဆက်နေသူများနှင့် သီးခြားလွတ်လပ်မှု ရှိရမည်။
- စာနယ်ဇင်းသည် အာဏာကို သီးခြားလွတ်လပ်စွာ စောင့်ကြည့်နေရမည်။
- အများပြည်သူ၏ ဝေဖန်သုံးသပ်မှု၊ ညှိနှိုင်းမှုတို့ပြုလုပ်နိုင်စရာ နေရာဖြစ်ရမည်။
- ထူးထူးခြားခြား စိတ်ဝင်စားစရာကောင်းပြီး သက်ဆိုင်အကျုံးဝင်မှုရှိစေရေးကို အဓိက ဆောင်ရွက်ရမည်။
- သတင်းများကို တင်ဆက်ရာ၌ ပြည့်စုံပြီး ဘက်ညီမှုရှိစေရမည်။
- စာနယ်ဇင်းသမားများသည် ကိုယ်ပိုင်အသိစိတ်ဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသည်။
- သတင်းနှင့် ပတ်သက်လာပါက နိုင်ငံသားများတွင်ပါ အခွင့်အရေးနှင့် တာဝန်များရှိလာသည်။
သတင်းမီဒီယာအနေဖြင့် အများပြည်သူ၏ ဘုံအကျိုးစီးပွားအတွက် အာဏာကိုသီးခြားလွတ်လပ်သော လေ့လာစောင့်ကြည်သူအဖြစ်ဆောင်ရွက်ရာတွင် အမှန်တရားသည် လမ်းညွှန်မှုပေးနိုင်သည့် သံလိုက်အိမ်မြှောင်သဖွယ် ဖြစ်သည်ကို အထူးသတိပြုပါ။






