ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသော ရွေးကောက်ပွဲစနစ်များကို ကျင့်သုံးကြပါသည်။ အများစု ကိုယ်စားပြုစနစ် (Plurality/Majority system)၊ အချိုးကျကိုယ်စားပြုစနစ် (Proportional representation system)၊ စနစ်ရော (Mixed system) စသည်တို့အပြင် ယင်းစနစ်များအောက်၌ နည်းကွဲများရှိကြပါသေးသည်။ ဤနေရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပသော မြန်မာနိုင်ငံမှရွေးကောက်ပွဲစနစ်ကိုသာ ဦးစားပေးဖော်ပြလိုပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်၍ ရွေးကောက်ပွဲများကို အများစုကိုယ်စားပြုစနစ် (Plurality/Majority system) ဖြင့် ကျင်းပပါသည်။ အများစုကိုယ်စားပြုစနစ်တွင်လည်း အနိုင်ရသူအကုန်ယူစနစ် (First past the post - FPTP)၊ ကိုယ်စားလှယ်ဗဟိုပြု အများစုစနစ် (Block Vote - BV) ၊ ပါတီဗဟိုပြု အများစုစနစ် (Party Block Vote - PBV)၊ ကြိုက်နှစ်သက်မှုဦးစားပေး အများစုစနစ် (Alternative Vote - AV) နှင့် နှစ်ကျော့ပြန်စနစ် (Two round system - TRS) ဟူ၍ စနစ်များရှိကြသည့်အနက် အနိုင်ရသူအကုန်ယူစနစ် (FTPT) ကို ကျင့်သုံးပါသည်။
အစိုးရအဖွဲ့ကို မဲဆန္ဒရှင်များမှရွေးကောက်တင်မြှောက်ရခြင်းမဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ်များကသာ ရွေးချယ်ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေပြုခွင့်အာဏာ အပ်နှင်းထားသော လွှတ်တော်သုံးရပ်ရှိကြရာ ၎င်းတို့မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တို့ ဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လွှတ်တော်သုံးရပ်သို့ ဝင်ရောက်ဖို့ရာယှဉ်ပြိုင်ကြသော ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ခြင်း ဖြစ်ပါသည်။ ဤနေရာ၌ လွှတ်တော်သို့ဝင်ရောက်မည့် ကိုယ်စားလှယ်တိုင်းကို ပြည်သူများက ရွေးချယ်ပေးရခြင်းလည်း မဟုတ်ပြန်ချေ။ လွှတ်တော်အသီးသီး၌ရှိသော ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျရွေးချယ်တင်မြှောက် ပေးရပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိသောကြောင့် ပြည်သူမှရွေးချယ် တင်မြှောက်လိုက်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့်အတူ အမျိုးသားလွှတ်တော်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှစေလွှတ်သည့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်၂၂၄ ဦးနှင့်ဖွဲ့စည်းပါသည်။
မြို့နယ်ကိုအခြေခံသော မဲဆန္ဒနယ်များမှနေ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်ကြပါသည်။ တစ်နိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြို့နယ်ပေါင်း ၃၃၀ သတ်မှတ်ထားသည့်အတွက် မဲဆန္ဒရှင်ပြည်သူများမှရွေးချယ်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ ဦးနှင့်အတူ ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှစေလွှတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၄၄၀ ဦးဖြင့် ဖွဲ့စည်းပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ရှိသော မြို့နယ်တစ်မြို့နယ်ကို ကိုယ်စားလှယ်နှစ်ဦးကျစီနှင့်အတူ တစ်နိုင်ငံလုံးစာလူဦးရေ၏ သုညဒဿမတစ် ရာခိုင်နှုန်းနှင့်အထက်ရှိသော တိုင်းရင်းသား လူမျိုးတစ်မျိုးလျှင် ကိုယ်စားလှယ်တစ်ဦးကျစီ ရွေးချယ်ပေးရပါသည်။ ယင်းကိုယ်စားလှယ် စုစုပေါင်း အရေအတွက်၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ကိုယ်စားလှယ်များကိုမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တင်သွင်းပြီး တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော်များကို ဖွဲ့စည်းပါသည်။



