ရွေးကောက်ပွဲ၏ရှုပ်ထွေးပြီး ကျယ်ပြန့်လွန်းသည့် သဘောသဘာဝကြောင့် သတင်းမီဒီယာအနေဖြင့် ၎င်း၏မျက်နှာစာအားလုံးကို သတင်းတွင်ဖော်ပြဖို့ရာ လွန်စွာခက်ခဲပါသည်။ သို့သော်လည်း ရွေးကောက်ပွဲ ကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ရှေ့ဆောင်၍ပြုလုပ်သည့် လုပ်ငန်းစဉ်အချို့မှနေ၍ မီဒီယာအနေဖြင့် ရွေးကောက်ပွဲသတင်းများ ပိုမိုကောင်းမွန်စွာ တင်ဆက်နိုင်စေရန် အတုယူ လေ့လာနိုင်စရာရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသားအဆင့် နိုင်ငံသားများ၏ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ လှုပ်ရှားမှု (NAMFREL) သည် ၎င်း၏ Operation Quick Count (OQC) မှတစ်ဆင့် ရွေးကောက်ပွဲ ရလဒ်များကို လွတ်လပ်စွာရေတွက်ပြီး စောင့်ကြည့်လေ့လာမှုပြုလုပ်ကြသည်။ NAMFREL မှ နိုင်ငံအဝှမ်းသို့ စေတနာ့ဝန်ထမ်းများ ဖြန့်ကျက်စေလွှတ်ပြီး ၎င်းတို့မှ ပြည်နယ်တွင်းရှိ မြူနီစီပယ် ဧရိယာတစ်ခုချင်း၊ မြို့တစ်မြို့ချင်းစီရှိ မဲရုံများမှ ရလဒ်များကို စုစည်းကြသည်။ ကွင်းဆင်းကောက်ခံသည့် အစီရင်ခံချက်များ လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ပြည်သူသို့မထုတ်ပြန်သေးမီ အမျိုးသားအဆင့် မဲစာရင်းပြုစုရေးဌာနတွင် ၎င်းတို့ကိုတိုက်ဆိုင်စစ်ဆေးခြင်း၊ ပေါင်းစည်းခြင်းတို့ ပြုလုပ်ကြသည်။ (Operation Quick Count, https://www.namfrel.com.ph/v2/activities/quickcount.php)
မဲလိမ်လည်မှုမှ ကာကွယ်ရန်၊ မဲရေတွက်ခြင်းနှင့် ကောက်ခံခြင်းတို့ ပြုလုပ်နေသည့်အဆင့်တွင် တိကျသောရလဒ်များ(တရားဝင်မဟုတ်) ထုတ်ဝေခြင်းဖြင့် လက်တစ်လုံးခြားပြုလုပ်ခြင်းမှ တားဆီးရန်နှင့် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲများမှ ထွက်ပေါ်လာသည့်ရလဒ်များ၏ လက်ခံနိုင်ခြေကို မြင့်တက်လာစေရန် NAMFREL ၏ OQC ကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။
NAMFREL ၏စီမံကိန်းသည် မိမိတို့၏မဲများကို ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာစောင့်ကြည့်ခြင်း၊ စောင့်ကြပ်ခြင်းဖြင့် ရွေးကောက်ပွဲများတွင် ပြည်သူပြည်သားများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်အားပေးသည့် နည်းလမ်းများအနက်မှ တစ်ခုဖြစ်ပါသည်။
မဲဆွယ်အသုံးစရိတ်ကြီးကြပ်မှု စည်းမျဉ်းများမရှိသည့် သိရီလင်္ကာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအသုံးစရိတ် ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု အားကောင်းလာစေရန်နှင့်၊ ကန့်သတ်မှုမရှိ၊ ကြီးကြပ်မှုမရှိသော ငွေကြေးသုံးစွဲမှု၏အကျိုးဆက်ကို လူအများသိမြင်လာကြစေရန် အတွက် ရွေးကောက်ပွဲအကြမ်းဖက်မှု စောင့်ကြည့်လေ့လာရေးဗဟိုဌာန (CMEV) မှနေ၍ ၂၀၁၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်အသုံးစရိတ်ကို ခြေရာကောက်ခဲ့ပါသည်။ (CMEV ခန့်မှန်းချက်အရ အဓိကကိုယ်စားလှယ်လောင်းနှစ်ဦးမှ နာမည်ရစေရေးအတွက် ရူပီ ၁ ဘီလီယံ သုံးစွဲခဲ့ကြပါသည်၊ http://www.ft.lk/news/CMEV-estimates-Rs-1-b-spent-on-publicity-by-two-ma...)
ရွေးကောက်ပွဲကျင်းပသည့်ရက်မတိုင်မီ CMEV ၏ ခန့်မှန်းချက်အရ ကိုယ်စားလှယ်လောင်းများ အားလုံး၏ မဲဆွယ်စည်းရုံးရေးဆက်စပ်အသုံးစရိတ်များမှာ ရူပီ ၅.၅ ဘီလီယံ ဖြစ်လာလိမ့်မည်ဟုဆိုသည်။ အဆိုပါ ကုန်ကျစရိတ်များသည် ခန့်မှန်းချက်များသာဖြစ်ပြီး ပုံနှိပ်နှင့် ဆိုရှယ်မီဒီယာအပါအဝင် အွန်လိုင်း ကြေညာချက်များမှ တရားဝင်သတင်းအချက်အလက်များ၊ ကွင်းဆင်းမဲဆွယ်မှုအပါအဝင် အခြားသော စရိတ်များ၊ နိုင်ငံတော်ပစ္စည်း တလွဲအသုံးချမှုအတွက် ကုန်ကျစရိတ်များအပေါ်သာ အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။
မဲဆွယ်စည်းရုံးရေးအသုံးစရိတ် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် လုပ်ထုံးလုပ်နည်းများ မရှိသည့်အပြင် CMEV ၏ လေ့လာစောင့်ကြည့်မှုတွင်လည်း မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများဆိုင်ရာ တရားဝင် ဒေတာများကောက်ခံရန် ခက်ခဲမှုကဲ့သို့ စိန်ခေါ်မှုများရှိနေပြီး၊ ဒေတာစိစစ်လေ့လာမှု ပြုရာတွင်လည်း တရားဝင်အသုံးစရိတ်များကိုသာ ပြုလုပ်နိုင်ပြီး သုံးစွဲသည့်ရန်ပုံငွေများ၏ အရင်းမြစ်ကိုမူမသိရချေ။
ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ထုံးလုပ်နည်းများမရှိသည့် အခြေအနေတစ်ရပ်တွင် မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များကို စောင့်ကြည့်လေ့လာရန်ပြုလုပ်သည့် CMEV ဆောင်ရွက်ချက်တွင် တွေ့ရသည်မှာ သုတေသနလုပ်ရာ၌ အလွန်ဇွဲကောင်းပြီး၊ အများပြည်သူအတွက် အရေးကြီးလှသည့် သတင်းအချက်အလက်ကိုပေးရာ၌ ဆန်းသစ်သောနည်းလမ်းများ အသုံးပြုထားခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် အင်ဒိုနီးရှား အသေရေဖျက်မှုတိုက်ဖျက်ရေး အစည်းအရုံး(Masyarakat Anti Fitnah Indonesia - MAFINDO) ဟူသည် မုသားတိုက်ဖျက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ MAFINDO မှ အွန်လိုင်းပေါ်ရှိ အခြေခံလူတန်းစားများပါဝင်သည့် လှုပ်ရှားမှုတစ်ရပ်ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး အဖွဲ့အစည်းတစ်ရပ်အဖြစ် ၂၀၁၆ ခုနှစ်တွင်ထူထောင်ခဲ့ရာ လူထုအင်အားဖြင့် မုသားစကားများ ဖော်ထုတ်တိုက်ဖျက်သည့် ဆောင်ရွက်ချက်များ၊ ဒစ်ဂျစ်တယ် စာတတ်မြောက်ရေး အသိပညာရေး ကမ်ပိန်းလှုပ်ရှားမှုများကို ဦးဆောင်မှုပေးခဲ့ပါသည်။ (https://www.mafindo.or.id/)
ပြည်သူများမှ ထိခိုက်နစ်နာမှုဖြစ်စေနိုင်သည့် သတင်းမှားများကို တိုင်ကြားနိုင်ရန်၊သတင်းတုဟူ၍ သံသယဖြစ်ဖွယ်ရှိသည်များကို စစ်ဆေးနိုင်ရန်နှင့် cekfakta.com ပူးပေါင်းအချက်အလက် စစ်ဆေးရေး စီမံကိန်းကဲ့သို့သော အခြားအချက်အလက်စစ်ဆေးရေးလုပ်ငန်းများကို အားပေးကူညီနိုင်ရန် MAFINDO မှ tool များ၊ app များကိုလည်း အွန်လိုင်းပေါ် လွှင့်တင်ပေးခဲ့ပါသည်။ (https://turnbackhoax.id/layanan-publik/)
ပြည်သူပါဝင်သော အချက်အလက်စစ်ဆေးရေး လုပ်ငန်းစဉ်များသည် အချက်အလက်များကို အလေးအနက်တန်ဖိုးထားတတ်လာစေခြင်းဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကို ထိခိုက်အောင်ပြုလုပ်နေသည်များအား တန်ပြန်ဆောင်ရွက်ရာတွင် အကူအညီပေးပါသည်။
၂၀၁၉ ခုနှစ်အထိ ထိုင်းပြည်သူများသည် ၎င်းတို့၏ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည်ကျင့်သုံးရန် ရှစ်နှစ်ကြာ စောင့်ဆိုင်းခဲ့ကြရသည်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲကို နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခြင်းနှင့် သတင်းစာလွတ်လပ်ခွင့်များကို ကန့်သတ်ထားသည့်တိုင် လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ယက် (ANFREL) မှ လေ့လာတွေ့ရှိခဲ့ရသည်မှာ ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွင်း သတင်းမီဒီယာနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လူထုကို လမ်းညွှန်မှုပေးနိုင်ရန်နှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကောင်းဆုံး ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကြိုးပမ်းချက်အများအနက်တစ်ခုမှာ Project ELECT (Elect.in.th) ဖြစ်ပြီး ဤတွင် မီဒီယာအုပ်စု တစ်စု၊ နည်းပညာရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ပူးပေါင်းကာ data visualization ၊ အပြန်အလှန်တင်ဆက်မှု (interactive content)၊ ဂိမ်းပုံစံပြုလုပ်ဖန်တီးခြင်း (gamification)နှင့် အခြားသော tool များမှတစ်ဆင့် နိုင်ငံရေးသတင်းများ တင်ဆက်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေအသုံးပြုခဲ့ကြသည်။ ၎င်း project သည် ပြည်သူများ၊ အထူးသဖြင့် လူငယ်များကြား နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိလာအောင် နှိုးဆော်ပေးဖို့ရာရည်ရွယ်ပါသည်။
၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် မိတ်ဆက်လွှင့်တင်ပေးခဲ့သော Project ELECT တွင် ရွေးကောက်ပွဲများ၊ ကိုယ်စားလှယ်လောင်းများ၊ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်း အစရှိသည့် သတင်းအချက်အလက်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆန်းသစ်သည့် နည်းလမ်းများဖြင့် ဖော်ပြပေးထားပါသည်။ အောက်ဖော်ပြပါတို့မှာ ၎င်းတို့ လွှင့်တင်ပေးထားသည့် အွန်လိုင်း tool နှင့် app များအနက်မှ စိတ်ဝင်စားဖွယ်ရာအချို့ဖြစ်ပါသည်။

ထိုင်းရွေးကောက်ပွဲမှ တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေသည့် သက္ကရာဇ်စဉ်နှစ်ခုကို ပြုလုပ်ပေးထားပြီး ၎င်းတို့မှာ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုများနှင့် ၂၀၁၉ ခုနှစ် မတ်လတွင် ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ခြင်းအပါအဝင် ၂၀၁၄ ခုနှစ် မေလ အာဏာသိမ်းသည့်အချိန်မှစ၍ အရေးပါသောဖြစ်ရပ်များ (https://elect.in.th/election-timeline/) နှင့် ယခင်ထိုင်းရွေးကောက်ပွဲများမှ ယနေ့ခေတ်အထိ ဆင့်ကဲပြောင်းလဲလာသော မဲလက်မှတ်များအကြောင်း (https://elect.in.th/ballot-timeline/) တို့ဖြစ်ကြပါသည်။ ထိုင်းရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များ၏အသိပညာမည်မျှ ရှိသည်ကိုစစ်ဆေးရန် အွန်လိုင်း ပဟေဠိကဏ္ဍတစ်ခုကိုလည်း ထည့်သွင်းပေးထားပါသည် (https://elect.in.th/election-101/)။
ထိုင်း CSO တစ်ခုဖြစ်သော iLaw နှင့် ပူးပေါင်း၍ လက်ရှိရွေးကောက်ပွဲစနစ်အကြောင်းကို ရှင်းပြထားသည့် ဗီဒီယိုတစ်ခုကို (https://elect.in.th/2019/02/mma/289/) နိုင်ငံသားများအတွက် ရွေးကောက်ပွဲ လက်စွဲစာအုပ်နှင့်အတူ မျှဝေပေးထားပါသည်။ ၎င်းစာအုပ်တွင် မဲရုံများသို့မသွားမီ မဲဆန္ဒရှင်များ သိရှိရန်လိုအပ်သည်များ၊ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ကိစ္စရပ်အချို့နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်များ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ အခြေအနေတို့ကို ရိုးရှင်းသော ဝေါဟာရများ အသုံးပြု၍ရှင်းပြထားပါသည်။

၎င်းတို့အုပ်စုတွင် လွှတ်တော်အမတ်လောင်းများ၏ စီးပွားရေးအရဆက်စပ်မှုများကို ဖော်ပြထားသည့် interactive dashboard များရှိသည် (https://elect.in.th/politics-and-business/#/browse) ၎င်းတို့မှ တစ်ဆင့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ နောက်ကြောင်းရာဇဝင်ကိုကြည့်ရှုနိုင်သည်။ မဲဆန္ဒနယ်သတင်းအချက်အလက်များနှင့် ကိုယ်စားလှယ်လောင်းများ စာရင်း (https://elect.in.th/candidates/) ကိုလည်း ကြည့်ရှုနိုင်ပါသည်။

Project ELECT တွင် မဲဆန္ဒရှင်များအတွက် ထိုင်းနိုင်ငံ ဒီမိုကရေစီအခြေအနေကို စိတ်ဝင်စားဖွယ်ရာ ဒီမိုကရေစီပြက္ခဒိန်တစ်ခုဖြင့် ပြသပေးထားပါသည်။ ယင်းပြက္ခဒိန်တွင် ထိုင်းနိုင်ငံ၏ရွေးကောက်ပွဲ၊ ဒီမိုကရေစီတို့နှင့် ပတ်သက်သည့် အရေးပါသည့်ဖြစ်ရပ်များကို နှစ်အလိုက်ဖော်ပြပေးထားပါသည်။
(https://elect.in.th/democracy-calendar/).
မဲဆန္ဒရှင်များမှ ထိုင်းဒီမိုကရေစီသမိုင်းနှင့် သက်ဆိုင်သည့် ဗဟုသုတမည်မျှရှိသည်ကို စစ်ဆေးနိုင်သည့် ကဒ်ဂိမ်းတစ်ခုကိုလည်း တီထွင်ထားပါသည် (https://elect.in.th/game-timeline/)။ အဆိုပါဂိမ်းတွင် ကဒ်များ၌ ထိုင်းနိုင်ငံရေးနှင့် ပတ်သက်သည့် ထူးခြားဖြစ်စဉ်များကိုဖော်ပြထားပြီး ဂိမ်းကစားသူသည် ၎င်းကဒ်များကို သက္ကရာဇ်စဉ်အတိုင်း စဉ်ရခြင်း ဖြစ်သည်။ အဖြေမှန်တစ်ခုချင်းစီအတွက် ဂိမ်းကစားသူမှ တစ်မှတ်ရရှိပြီး သုံးကြိမ်းမှားယွင်းပါက ရှုံးသည်။



